Share this

img.share-image

ပညာ​​ရေးနှင့်နည်းပညာ၊သက်​မွေးပညာကဏ္ဍပူး​ပေါင်း​ဆောင်ရွက်​​ရေးအဖွဲ့ အွန်လိုင်း အစည်းအ​ဝေးကျင်းပ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးဝန်ကြီးဌာန (၁၄) ကြိမ်မြောက် ပညာရေးနှင့်နည်းပညာ၊ သက်မွေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ETVSCG) အွန်လိုင်းအစည်းအဝေး တက်ရောက်ဆွေးနွေး

နေပြည်တော် ဧပြီ ၂၉
===============
   ပညာရေးဝန်ကြီးဌာန (၁၄) ကြိမ်မြောက် ပညာရေးနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Education & TVET Sector Coordination Group - ETVSCG) အွန်လိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

      အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ Video Conferencing စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေးကြသည်။

         အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ အွန်လိုင်း အစည်းအဝေးသို့ တက်ရောက် လာကြသူများအားလုံးကို ကြိုဆိုပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ဝင်များမှာ မိမိတို့ခေတ္တပြန်လည်ရောက်ရှိနေသည့် အချိန်ကာလ မတူညီသော တိုင်းပြည်များမှ တက်ရောက်ဆွေးနွေးရသည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ ETVSCG ၏ Co-Facilitator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဩစတြေးလျနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း နှင့် အသစ်တာဝန်ထမ်းဆောင်မည့် ဖင်လန်နိုင်ငံအား ကြိုဆိုပါကြောင်း၊ ယနေ့အချိန်အခါသည် ပညာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ကပ်ရောဂါ စိန်ခေါ်မှုကာလကို ရင်ဆိုင်ကျော်ဖြတ်နေချိန် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို လာမည့်လများတွင် အရေးပေါ်ပြန်လည် တုန့်ပြန်နိုင်ရေးအတွက် မိမိတို့ပူးပေါင်း ဆောင်ရွက် နိုင်မည့်ကိစ္စရပ်များနှင့် ဆရာအတတ် ပညာသင်တန်းများ၊ သင်ယူမှုအခွင့်အလမ်းများကို မြန်မာဒီဂျစ်တယ် ပညာရေးစနစ်ဖြင့်လည်းဖြည့်ဆည်း ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း။

      ပညာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် လာမည့်သုံးလအတွင်း ဆောင်ရွက်မည့် ဦးစီးပေး လုပ်ငန်းစဉ် ၃ ရပ်ကို တင်ပြဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဦးစားပေးလုပ်ငန်းစဉ်များကို ထိရောက်သော ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုလျက် အချိန်တိုကာလအတွင်း ပြီးမြောက်အောင် ပူးပေါင်း အကောင်အထည်ဖော်ကြမည် ဖြစ်ပါကြောင်း၊ ပထမဦးစားပေးလုပ်ငန်းမှာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ ဆရာမများအားလုံးအတွက် သင်ရိုးသစ် Grade-4, Grade-7, Grade-10 သင်ကြားသင်ယူမှုသင်တန်းများနှင့် ပညာရေးကောလိပ်များအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်တန်းများကို ပညာရေးဝန်ကြီးဌာနက မြန်မာ ဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform – MDEP) တည်ဆောက် ပံ့ပိုးဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါကြောင်း၊ လာမည့်စာသင်နှစ်တွင် ကျောင်းသားကျောင်းသူ များနှင့် မိဘများသည် MDEP စနစ် ၏အကူအညီဖြင့်လည်း သင်ယူခြင်းကို အားဖြည့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အိုင်စီတီနှင့်အလှမ်းဝေးသော ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများသို့ တိုးချဲ့ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖြစ်နိုင်လျှင် DBE Box၊ TV Education Channel ၊ ဒီဗွီဒီ၊ ကွန်ပျူတာ၊ လပ်တော့, Tablet ကဲ့သို့သော အထောက်အကူပြု ပစ္စည်းများဖြင့် e-Learning အစီအစဉ် များစတင်နိုင်ရေးစီစဉ် ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ကာလတွင် ပညာရေးဝန်ကြီး ဌာနသည် မိုဘိုင်းဖုန်း အသုံးပြုပြီး On-line Training၊ e-Learning Training များကို ပို့ချရန် ဆက်သွယ်ရေးကုမ္ပဏီ များနှင့် ညှိနှိုင်းရန် စီစဉ်လျက် ရှိပါကြောင်း၊ ဒုတိယဦးစားပေး လုပ်ငန်းအနေဖြင့် MDEP Platform အောက်တွင် အခမဲ့ အွန်လိုင်းစာကြည့်တိုက် (Free Online Library) တစ်ခု တည်ထောင်ရန်ဖြစ်ပါကြောင်း။

       ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ဖတ်ရှုလေ့လာလို သည်များကို e-Library Website နှင့် App တို့မှတစ်ဆင့် မိမိလက်ကိုင်ဖုန်းဖြင့် သင်ယူခြင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ တတိယဦးစားပေးလုပ်ငန်းမှာ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ အတူတကွပူးပေါင်း၍ ကဏ္ဍအလိုက် ကိုဗစ်-၁၉ တုန့်ပြန်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအစီအစဉ် (၂၀၂၀-၂၀၂၁) COVID-19 Response and Recovery Plan (2020 - 2021) ကို ပြုစု စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအားလုံးကို ခြုံငုံမိစေပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် ပိုင်းခြား၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပူးပေါင်းပြုစု ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ဖော်ပြပါ ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ် အောင်မြင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များက သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်း ပူးပေါင်းပံ့ပိုးပေးနိုင်ရန်နှင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Comprehensive Education Development Plan) အရ ပညာရေး လိုအပ်နေသော ဒေသများကို ဝိုင်းဝန်းပူးပေါင်းဖြည့်ဆည်းပေးနိုင်ရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။

      ထို့နောက် Co-Facilitator ဖြစ်သူ H.E. Ms. Riikka Laatu, Ambassador of Finland to Myanmar က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ် ၃ ရပ်ကို ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များဖြင့် ပူးပေါင်းပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကိုဗစ်-၁၉ တုန့်ပြန်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များကို PowerPoint Slides များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။

      ယင်းနောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာအေးမြင့်က ဆွေးနွေးတင်ပြပြီး ယူနက်စကိုမှ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim က ရှေ့လုပ်ငန်းစဉ်အကျဉ်းချုပ်ကို ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းများ