၂၀၂၂ ခုနှစ် World Youth Skills Day (Asia-Pacific) အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ကျွမ်းကျင်မှုဆိုင်ရာ Skills Competition ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

WYSD

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ တိုးတက်မှုများနှင့်အတူ အနာဂတ်လူငယ်များ၏ ကျွမ်းကျင်မှုများကို မြှင့်တင်ပေး နိုင်ရန်နှင့် လူငယ်များ၏ ဆန်းသစ် တီထွင် ဖန်တီးမှု၊ နည်းပညာ တိုးတက်မှုများ အပေါ် စဉ်ဆက်သင်ယူလိုမှုနှင့် တွေးခေါ်မျှော်မြင်တက်မှု စသည့် အရည်အချင်းများ ရရှိနိုင်စေရန်  ရည်ရွယ်၍ ၂၀၂၂ ခုနှစ် Skills Competition အား  UNESCO-UNEVOC မှချမှတ်ထားသည့် “Youth Matters: Celebrating Skills for the Future” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Skills Competition တွင် ၅-မိနစ်စာ Skills Video များအား ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အစိုးရနည်းပညာကောလိပ် နှင့်သိပ္ပံအုပ်စုတွင် ပါဝင်ယှဉ်ပြိုင် သည့် ကျောင်းများအနက်မှ ပထမဆုအား အစိုးရ စက်မှုလက်မှုသိပ္ပံ(မိုးညှင်း)မှလည်းကောင်း၊ ဒုတိယဆုအား စက်မှုနည်းပညာ လေ့ကျင့်သင်ကြား ရေးသင်တန်းကျောင်း(SITE) မှလည်းကောင်း၊ တတိယဆုအား အစိုးရနည်းပညာကောလိပ် (နေပြည်တော်)မှလည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းအုပ်စုတွင်  ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းများအနက်မှ ပထမဆု အား အစိုးရနည်းပညာအထက်တန်း ကျောင်း (မြင်းခြံ)မှ လည်းကောင်း၊ ဒုတိယဆု အား အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)မှ လည်းကောင်း၊ တတိယ ဆုအား အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ လည်းကောင်း  ထူးချွန် ဆုများ အသီးသီး ရရှိခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ၂၀၂၂ခုနှစ် World Youth Skills Day (Asia-Pacific) အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ကျွမ်းကျင်မှုဆိုင်ရာ Skills Competition ဆုချီးမြှင့်ခြင်း အခမ်းအနား အား  ဇူလိုင်လ (၁၄)ရက်နေ့၊ နေ့လယ် (၃း၀၀)နာရီအချိန်တွင် (Virtual) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးမှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးဌာနရှိဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ တာဝန်ခံများ၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ၊ သက်မွေးပညာကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများအားလုံး စုစုပေါင်း (၅၇၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။