TVET ကဏ္ဍ နှင့် အနာဂါတ်မျှော်မှန်းချက်

credit to : Dr. Nyein Wai, Deputy Director, Ministry of Education

လက်ရှိကာလမှာ ကိုယ်လုပ်နေရတဲ့ တာဝန်က TVET နဲ့ သိပ်မသက်ဆိုင်ပေမယ့် TVET ကိုတော့ အတော်လေး စိတ်ဝင်စားပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး တက်ရတဲ့ သင်တန်းတွေမှာ Presentation ပေးရမယ်ဆိုတော့ TVET နဲ့ပတ်သက်တာချည်းပဲ ပေးခဲ့တာ။ TVET ကို ဘာကြောင့် စိတ်ဝင်စားလဲ ပြန်စဉ်းစားကြည့်တော့
(၁) ဆယ်တန်းအောင်ပြီးတော့ ဆက်တက်ခဲ့တဲ့ကျောင်းသည် TVET ထဲမှာပါတဲ့ GTI. Mechine Tools and Design နဲ့ ပတ်သက်ပြီး သင်ယူခဲ့ရတာတွေကိုအားရကျေနပ်ခဲ့တယ်။ သမားရိုးကျ ဘွဲ့တစ်ခုလို မဟုတ်ဘဲ အတတ်ပညာနဲ့ယှဉ်ပြီး သင်ယူခွင့်ရခဲ့လို့။ တကယ်လို့သာ ကျောင်းဆက်မတက်ဖြစ်ဘဲ GTI နဲ့ပဲ
ထွက်ခဲ့ရမယ်ဆိုရင်တောင် ဒီကျောင်းက သင်ပေးလိုက်တဲ့ ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုဖို့ အဆင်ပြေနိုင်တယ်။
(၂) အလုပ်စဝင်တော့လည်း ဝန်ထမ်းစဖြစ်တဲ့ (၂၀၀၂)ခုနှစ်က စလို့နောက်ဆုံး ဌာနမပြောင်းခင် (၂၀၁၂)ထိ ဆယ်နှစ်တာ ကာလသည် TVET ကို အဓိက လုပ်ရတဲ့ DTVE မှာ။ အရင်ကတော့ TVET ရော Engineer ရော အလုံးလုံးအထွေးထွေးပေါ့လေ။
(၃) နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့၊ စက်မှုလုပ်ငန်းတွေ တိုးတက်ဖို့ပြင်ပရင်းနှီးမြှုပ်နှံမှုတွေဆီကနေ ကိုယ့်နိုင်ငံက အကျိုးအမြတ်ဖမ်းဆွဲနိုင်ဖို့ဆိုရင်TVET Sector သည် အင်အားကောင်းကို ကောင်းနေမှ ဖြစ်မှာ။ ဘယ်လုပ်ငန်းပဲလုပ်လုပ် ဘယ်လုပ်ငန်းပဲလာလာ အထက်ပိုင်းက အင်ဂျင်နီယာတို့၊ မန်နေဂျာတို့ ဆိုတဲ့ နေရာတွေက လက်ချိုးရေလို့ရတဲ့ အနေအထားနဲ့ပဲ ရှိတာ။ အဓိက အများအပြားလိုအပ်တာသည် ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်အတတ်ပညာရှင်တွေ။
ဒီလူတွေ ကိုယ့်နိုင်ငံမှာ အဆင်သင့်မရှိနေရင် တခြားနိုင်ငံကလူတွေ ဝင်လာလုပ်သွားတာ ရှေ့မှာ လုပ်ခဲ့တဲ ့စီမံကိန်းကြီးတွေမှာ မြင်နေရတာပဲလေ။
(၄) ရောက်ဖူးသမျှ၊ သူတို့ဆီကအကြောင်းတွေ ပြောတာ နားထောင်ရသမျှ နိုင်ငံတွေမှာ TVET ကို အလေးထား လုပ်နေကြတာချည်းပဲ။ ဂျာမနီဆိုရင် အခြေခံပညာရေးစနစ်ကိုက Dual စနစ်ရှိတယ်။ TVET နဲ့ သမားရိုးကျ စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်ထားတာ။ ဘန်ကောက် KMUTNB နည်းပညာတက္ကသိုလ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်း နည်းပညာတက္ကသိုလ်ထဲမှာ ပါတယ်။ ဒါပေမယ့် သူတို့လည်း TVET ကိ်ု လက်မလွှတ်ဘူး။ တက္ကသိုလ်ဖြစ်နေတဲ့အတွက် TVET သင်တန်းတွေ ဖွင့်မရတဲ့အခါ Branch တွေ၊ School တွေ ထပ်ခွဲပြီး လုပ်တယ်။

ဒီရက်ပိုင်းမှာ TVET နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်နေတဲ့ သတင်းတွေ ဖတ်ရတာ အားရကျေနပ်ရပါတယ်။ ဝမ်းသာရပါတယ်။ TVET နဲ့ပတ်သက်ပြီး ခေါင်းဆောင်နေရာမှာ ရှိတဲ့ ဆရာကြီး ဦးဝင်းမော်ထွန်း ကိုယ်တိုင်ကလည်း TVET နဲ့ပတ်သက်ရင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့သလို TVET ဖြစ်ထွန်းစေချင်တဲ့ စေတနာ အပြည့်ရှိတယ်ဆိုတာလည်း သူ့လက်အောက်မှာ အလုပ်ခဲ့ရချိန်ရော၊ အခုနောက်ပိုင်း သူပြောသမျှ၊ သူလုပ်သမျှတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အရင် TVET နဲ့မတူ တကယ်လက်တွေ့ အသုံးဝင်မယ့် သင်တန်းတွေ ဖွင့်ဖို့ ခြေလှမ်းတွေ အများကြီး ပြင်လာပြီ။ နိုင်ငံတကာရဲ့
ကူညီထောက်ပံ့မှုတွေ ရရင်ရနိုင်သမျှ အကုန်အသုံးချပြီး လုပ်လာနိုင်ပြီ။ တစ်ခုပဲလိုတော့တာက TVET Marketing ဆင်းဖို့။ ကိုယ့် သင်တန်းက ဘယ်လို တွေ သင်ပေးနေပါတယ်။ ကိုယ့်သင်တန်းက ဆင်းသွားရင် ဘာတွေလုပ်နိုင်ပါတယ်ဆိုတာကို လုပ်ငန်းရှင်တွေ သိအောင်လုပ်ဖို့။ နောက်တစ်ခါ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုမျိုးကို ကိုယ့်ကျောင်းက ဘယ်လို ပံ့ပိုး သင်ပေးနိုင်တယ်ဆိုတာ ကြော်ငြာဖို့။ အခု မဖွင့်ထားတောင်မှ Demand ရှိလာရင် လိုအပ်တဲ့ သင်တန်းအမျိုးအစားတွေထပ်ဖွင့်နိုင်တဲ့ Capacity ရှိပါတယ်တိုတာကို သိအောင် ပြနိုင်ဖို့။
ဒါကလည်း အခုစလုပ်နေတာတွေ မြင်နေရတာပါပဲ။ SMVTI ဆိုရင် လုပ်ငန်းရှင်တွေကို ကျောင်းမှာ ဖိတ်ပြတယ်။နောက်ပြီး DTVE က အဖွဲ့တွေလည်း စက်မှုဇုန်တွေမှာ လှည့်ပြီးတော့သွားနေကြတာတွေ ရှိတယ်။ မကြာခင်မှာ TVET ကဏ္ဍက တဟုန်ထိုးဦးမော့မယ်လို့ပဲ ထင်ပါတယ်။

ဒီလို ဖားနေပြီလို့လည်း မထင်ကြနဲ့ဦး။ TVET ဘက်ကို ပြန်ဝင်ချင်နေလားလည်း မထင်ကြပါနဲ့ဦး။
TVET ကို စိတ်ဝင်စားတာကလွဲရင် အလှမ်းဝေးခဲ့တာ အချိန်နည်းနည်း ပြန်ကြာခဲ့ပြီဖြစ်သလို ဒီဖက်အလုပ်မှာလည်း အတော်အသင့် အခြေကျနေပြီမို့တဖက်တစ်လမ်းက ကိုယ်ကူညီ လုပ်ပေးနိုင်တာမျိုးရှိရင် လုပ်ပေးမယ်ဆိုတဲ့ အတွေးမှတပါးတခြား ဘာမှ မရှိ။
အခု ကိုယ်လုပ်ပေးနိုင်တာဆိုလို့ Website တင်ပေးနိုင်တာမျိုး။
Website ကလည်း tvetmyanmar.org ဆိုပြီး လွှင့်ထားတာရှိပြီးသား ရေဒီယိုတွေ၊ တီဗီတွေ၊ သတင်းစာတွေမှာ ထည့်တာအပြင် Website မှာ လွှင့်ထားမယ်ဆိုရင်ဘယ်အချိန်ဖြစ်ဖြစ် တစ်စုတစ်စည်းတည်း ပြန်ကြည့်နိုင်တဲ့ မှတ်တမ်းမှတ်ရာကျန်တယ်။စိတ်ဝင်စားတဲ့ လူတွေ ဘယ်အချိန်ဝင်ကြည့်ကြည့် အဆင်ပြေတယ်။ဒါတွေ လုပ်ခဲ့ပါလားဆိုတဲ့ သမိုင်းကြောင်းကိုလည်း မြင်အောင ်ပြနိုင်တယ်။